စီမံကိန်းအောင်မြင်ရေးနှင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး က အလေးထားတိုက်တွန်း အမှာစကားပြောကြား

Written by

in

စီမံကိန်းအောင်မြင်ရေးနှင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးအတွက်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးစိုင်းထိန်စိုး က အလေးထားတိုက်တွန်း အမှာစကားပြောကြား
တောင်ကြီး၊ ဇူလိုင် ၁၇
ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းအရ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ ဇူလိုင် ၁၇ ရက် နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက စီမံကိန်းအောင်မြင်ရေးနှင့် ကျေးလက်ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားရေးကို အလေးထားတိုက်တွန်းပြောကြားခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး နှင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်နှင့် မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စီမံကိန်းအဖွဲ့ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ သင်တန်းသူ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကားပြောကြားရာ၌ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်ပြည်သူများ၏ ဝင်ငွေတိုးတက်ရေးနှင့် လူမှုစီးပွားဘဝ မြင့်မားရေးအတွက် စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃-၂၀၂၄ မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အထိ ရှမ်းပြည် နယ်ရှိ ကျေးရွာ (၉၆) ရွာတွင် စီမံကိန်းများ ဆောင်ရွက်ခဲ့ပြီး သင်တန်းသား (၁၁၄၄) ဦးအား လေ့ကျင့်ပေးနိုင်ခဲ့သလို လုပ်ငန်းထူထောင်သူ (၄၈၀) ဦး ပေါ်ထွက်လာခဲ့ကြောင်း ပြောကြား သည်။
ထို့ပြင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ (၃၂) ရွာ၌ စီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စုစု ပေါင်း ကျပ် (၄၄၈) သန်း အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ကျေးရွာတစ်ရွာလျှင် ကျပ် (၁၄) သန်း ခွဲဝေသုံးစွဲကာ အသက်မွေးဝမ်းကျောင်းသင်တန်းများအတွက် ကျပ် (၅) သန်းနှင့် လုပ်ငန်းစတင်မည့် သင်တန်းသား (၅) ဦးအား တစ်ဦးလျှင် ကျပ် (၁၈) သိန်းတန် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ရန် ကျပ် (၉) သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြား သည်။
ယင်းနောက် တာဝန်ရှိသူများက တောင်ကြီးနှင့် ကလောခရိုင်အတွင်းရှိ စီမံကိန်း (၁၀) ခုမှ သင်တန်းသား (၅၀) ဦးအား လုပ်ငန်းသုံးပစ္စည်း အမျိုးအစား (၂၀) မျိုး၊ စုစုပေါင်း (၂၅၁) ခုကို ပေးအပ်ခဲ့သည်။
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး ကဆက်လက်ပြောကြားရာတွင် စီမံကိန်း၏ အဓိကရည်ရွယ်ချက်မှာ သင်တန်းဆင်းပြီးချင်း ရင်းနှီးမတည်ငွေ အခက်အခဲမရှိဘဲ လုပ်ငန်းစတင်နိုင်စေရန်ဖြစ်ကြောင်း၊ လုပ်ငန်းထူထောင်မည့်သူများကို စိတ်ပါဝင်စားမှု၊ အရည်အချင်း၊ လုပ်ငန်းဆောင်ရွက်လိုစိတ်နှင့် ကျေးရွာဖွံ့ဖြိုးရေးအပေါ် ကတိကဝတ်စသည့် စံနှုန်းများဖြင့် ရွေးချယ်ထားကြောင်း ပြောကြားသည်။
ထို့အပြင် လုပ်ငန်းသုံးပစ္စည်း ရရှိသူများအနေ ဖြင့် (၃) လအတွင်း လုပ်ငန်းစတင်ဆောင်ရွက်ရမည်ဖြစ်ပြီး (၆) လအတွင်း MSME မှတ်ပုံတင်ရမည်၊ (၃) နှစ်ဆက်တိုက် လုပ်ငန်းဆောင်ရွက်ရမည်ဖြစ်ကာ စည်းကမ်းသတ်မှတ်ချက်များကို မလိုက်နာပါက ပေးအပ်ထားသည့် လုပ်ငန်းသုံးပစ္စည်းများကို ပြန်လည်သိမ်းယူနိုင်ကြောင်း အသိပေးပြောကြားခဲ့သည်။
အဆုံးတွင် စီမံကိန်းများ အောင်မြင်စွာ အ ကောင်အထည်ဖော်နိုင်ပါက ကျေးလက်ပြည်သူများ၏ ဝင်ငွေတိုးတက်လာခြင်း၊ အလုပ်အ ကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာခြင်း၊ လူနေမှု အဆင့်အတန်း မြင့်မားလာခြင်းနှင့် ရှမ်းပြည် နယ်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု (GDP) ကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *