ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန် ASEAN+3 လူငယ်သိပ္ပံပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူး

Written by

in

ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန် ASEAN+3 လူငယ်သိပ္ပံပြိုင်ပွဲတွင် တတိယဆု ဆွတ်ခူး
————————
ဇူလိုင်လ(၁၁)ရက်၊ ၂၀၂၆ခုနှစ်
ဖိလစ်ပိုင်နိုင်ငံ၌ ၂၀၂၆ ခုနှစ် ဇူလိုင်လ ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည့် The 11th ASEAN+3 Junior Science Odyssey (APTJSO-11) ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန် သည် တတိယဆု (Third Prize) ကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
မနန်းအေးမြတ်မွန်သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျောက်တလုံးကြီးမြို့နယ်၊ နောင်လုံရပ်ကွက်တွင် နေထိုင်သူဖြစ်ပြီး အဖ ဦးခွန်ကျော်အေး၊ အမိ ဒေါ်နန်းမြနွဲ့တို့၏ သမီးဖြစ်သည်။ လက်ရှိတွင် အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း အ.ထ.က(၁)၊ အေးသာယာမှ ဒုတိယနှစ်ကျောင်းသူအဖြစ် ပညာသင်ကြားလျက်ရှိသည်။
မနန်းအေးမြတ်မွန်သည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ရွေးချယ်စေလွှတ်မှုဖြင့် မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ အဆိုပါ နိုင်ငံတကာ လူငယ်သိပ္ပံပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် အပေါင်းသုံးနိုင်ငံတို့မှ လူငယ်သိပ္ပံထူးချွန်သူများအကြား ယှဉ်ပြိုင်ကာ တတိယဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်သည်။
ပအိုဝ်းတိုင်းရင်းသူ မနန်းအေးမြတ်မွန်၏ ယခုကဲ့သို့ နိုင်ငံတကာပြိုင်ပွဲတွင် ဆုရရှိမှုသည် မြန်မာနိုင်ငံနှင့် ပအိုဝ်းတိုင်းရင်းသားအသိုက်အဝန်းအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *