တောင်ကြီးမြို့တွင် ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် သစ်ပင် ၁,၁၀၀ ပင် စိုက်ပျိုး

===================================
ဇူလိုင် ၉ ရက်၊ ၂၀၂၆-ခုနှစ်၊
တောင်ကြီးမြို့၊ တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း၌ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး
ရာသီဥတု မျှတကောင်းမွန်ရေး ဂေဟစနစ် တည်ငြိမ်ရေး သဘာဝဘေးအန္တရာယ် လျှော့ချရေး ပြည်သူများ၏ သစ်တောထိန်းသိမ်းရေး အသိပညာ မြှင့်တင်ရေး ရည်ရွယ်ချက်ဖြင့်၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၉ ရက် နံနက်ပိုင်းက ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြာရာ “မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုမျှတကောင်းမွန်ရေး၊ ဂေဟစနစ်တည်ငြိမ်ရေး၊ သဘာဝဘေးအ န္တရာယ်များ လျော့နည်းစေရေးနှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာ ပြည်သူလူထု၏ အသိပ ညာတိုးမြှင့်စေရေးတို့အတွက် နှစ်စဉ်ကျင်းပလျက်ရှိကြောင်း” ပြောကြားသည်။

ထို့ပြင် ရှမ်းပြည်နယ်အတွင်း သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တော စုစုပေါင်း ၁၉၅ ခု တည်ထောင်ထားနိုင်ပြီး ပြည်နယ်ဧရိယာ၏ ၂၁ ဒသမ ၈၅ ရာခိုင်နှုန်းကို လွှမ်းခြုံထားကြောင်း၊ သဘာဝထိန်းသိမ်းရေးနယ်မြေ ၈ ခု ဖွဲ့စည်းထားနိုင်ပြီး ၂၀၂၅ ခုနှစ် သစ်တောသယံဇာတ ဆန်းစစ်လေ့လာချက်အရ ရှမ်းပြည်နယ်၏ သစ်တောဖုံးလွှမ်းမှုမှာ ၅၆ ဒသမ ၄၇ ရာခိုင်နှုန်းရှိကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယခုနှစ် မိုးရာသီအတွင်း ရပ်စောက်နှင့် ပင်းတယမြို့နယ်များ၌ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်း ဧက ၁,၀၀၀ ဖော်ဆောင်ခြင်း၊ ကလောမြို့ ထင်းရှူးမြို့တော်ဖြစ်စေရေး စီမံချက်အရ ထင်းရှူးပင် ၁၈,၉၀၀ ပင် စိုက်ပျိုးခြင်းနှင့် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်းအရ သစ်တောစိုက်ခင်း ၅,၁၅၇ ဧကကျော်၌ သစ်ပင်ပေါင်း ၂,၄၆၈,၀၂၉ ပင် စိုက် ပျိုးသွားမည်ဖြစ်ကြောင်းလည်း အသိပေးပြောကြားခဲ့သည်။

ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီးတို့ကလည်း စိုက်ပျိုးရန် သစ်ပင်များကို အသီးသီး ပေးအပ်ခဲ့ကြပြီး ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ပူးပေါင်းဆောင်ရွက်ခဲ့သည့် လွိုင်ခမ်းအိမ်ရာစီမံကိန်းနှင့် စိန်နှင်းဆီကုမ္ပဏီအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တက်ရောက်လာသူများက သတ်မှတ်နေရာများတွင် သစ်ပင်များကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့သည်။

ယနေ့ကျင်းပသည့် ဒုတိအကြိမ်သစ်ပင်စိုက်ပျိုးပွဲတွင် ထင်းရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မာတာကွတ်၊ ခါတော်မီ၊ ပိတောက်၊ ခရေနှင့် စကားဝါ စသည့် သစ်မျိုး ၉ မျိုး၊ စုစုပေါင်း သစ်ပင် ၁,၁၀၀ ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။

အခမ်းအနားမ်းသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ တက္ကသိုလ်နှင့် သင်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများ တက်ရောက်၍ သစ်ပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။


Leave a Reply