ကလောမြို့နယ်၊ ပင်မှီဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လူထုတွေ့ဆုံပွဲ ကျင်းပ

———————–
ဇူလိုင်လ (၅)ရက်၊ ၂၀၂၆ခုနှစ်
အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ပင်မှီကျေးရွာအုပ်စု၊ မွေတော်ကျေးရွာရှိ မွေတော်ဘုန်းတော်ကြီးကျောင်းတွင် ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပင်မှီဒေသမှ မိဘပြည်သူများနှင့် လူထုတွေ့ဆုံပွဲ အခမ်းအနားကို ၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆန်း (၆) ရက် (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၅ ရက်) တနင်္ဂနွေနေ့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဖြားတန်ခွန်သိန်းဖေ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထွန်းငယ်၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဒေသခံမိဘပြည်သူများနှင့် လူငယ်များ တက်ရောက်ခဲ့ကြသည်။ တက်ရောက်လာသူများသည် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဩဝါဒတရားများကို နာယူခဲ့ကြပြီး၊ ထို့နောက် “နမောတဿ” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပြီး ပင်မှီကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ဌေးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ယင်းနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ဖြားတန်ခွန်သိန်းဖေမှ ရပ်ရွာဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများအနေဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ပညာရေးကိုအထူးအလေးပေးရန်ပြောကြားပြီး၊ စိုက်ပျိုးရေးနှင့် ဒေသစီးပွားရေးကဏ္ဍများကို အားပေးမြှင့်တင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့အပြင် ယခုလွှတ်တော်ခေတ်တွင် မိဘပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ အကြံပြုချက်များကို လွှတ်တော်ကိုယ်စားလှယ်များမှတစ်ဆင့် လွှတ်တော်သို့ တင်ပြနိုင်သည့်အတွက် ပြည်သူများအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ကလောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ထွန်းငယ်က လွှတ်တော်၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မိဘပြည်သူများ၏ လိုအပ်ချက်များကို လွှတ်တော်မှတစ်ဆင့် တင်ပြဆောင်ရွက်ပေးနေမှုများနှင့် လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် NIYO Media ဥက္ကဋ္ဌ ဦးခွန်ဆန်းအောင်က မီဒီယာ၏ သဘောတရားနှင့် အခန်းကဏ္ဍ၊ သတင်းမီဒီယာနှင့် ဆိုရှယ်မီဒီယာတို့၏ ကွာခြားချက်များ၊ ဆိုရှယ်မီဒီယာ၏ အကျိုးကျေးဇူးများနှင့် သတိပြုရမည့် ဆိုးကျိုးများအပြင် သတင်းမီဒီယာ၏ တာဝန်၊ ကျင့်ဝတ်နှင့် လူမှုအသိုက်အဝန်းအပေါ် အရေးပါပုံတို့ကို ရှင်းလင်းဟောပြောခဲ့သည်။

ယင်းနောက် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ ဗဟိုကော်မတီဝင် ခွန်ထိုက်ခမ်းက နိဂုံးချုပ်အမှာစကားနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ တက်ရောက်လာကြသူများက “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အခန်းအနားတွင် သံဃာတော်အရှင်သူမြတ်များ၊ ပအို၀်းအမျိုူသားအဖွဲ့ချုပ်(PNO)ပါတီနှင့်တာ၀န်ရှိပုဂ္ဂိုလ်များ၊ လွတ်တော်ကိုယ်လှယ်နှင့် မီဒီအဖွဲ့များ၊ ကလောမြို့နယ်ရှိတာ၀န်ရှိပုဂ္ဂိုလ်များ၊ ပင်မှီဒေသမှ မိဘပြည်သူများနှင့်လူငယ်များတက်ရောက်ခဲ့ကြောင်းသိရသည်။


Leave a Reply