ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်ရွေးချယ်တင်မြောက်ခြင်းနှင့် စန္တားခမ်း T.A/L.T ဆရာ/ဆရာမများ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး မျက်နှာစုံညီအစည်းအဝေး ကျင်းပ

=====================================
ဇူလိုင်လ ၅ ရက်၊ ၂၀၂၆ ခုနှစ်
အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ရှိ စန္တားခမ်း ပအိုဝ်းအမျိုးသားဘက်စုံဖွံ့ဖြိုးရေး တပေါင်းကွင်း (ဒဲဉ်သီဗွေကွင့်) ဓမ္မာရုံကျောင်းဆောင်ကြီး၌ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင်အသစ်များ ရွေးချယ်တင်မြောက်ခြင်းနှင့် စန္တားခမ်း T.A/L.T ဆရာ/ဆရာမများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ ဇူလိုင်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မျက်နှာစုံညီတွေ့ဆုံအစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ဆရာတော်များနှင့် တကာ၊ တကာမများမှ နမောတဿ သုံးကြိမ်ရွတ်ဆိုကာ ဖွင့်လှစ်ခဲ့ပြီး၊ ဆရာတော်များနှင့် သံဃာတော်များထံမှ တရား နာယူကာ ငါးပါးသီလခံယူခဲ့ကြသည်။ ထို့နောက် စန္တားခမ်းရုမ်း ဥက္ကဋ္ဌ ဒေါက်တာစိုးမိုးကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ခွန်ကျော်ရွှေက အစည်းအဝေးခေါ်ယူကျင်းပရသည့် ရည်ရွယ်ချက်နှင့် အကြောင်းအရင်းများကို ရှင်းလင်းပြောကြားခဲ့ပြီး၊ ဆောင်းတွုမ်းကျောင်း ဆရာတော် ဘဒ္ဒန္တ ဥတ္တရလင်္ကာရက သြဝါဒစကားနှင့် အားပေးစကားများ မြွက်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် နောင်တရားဒေသအတွင်း ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့အား ပြန်လည်ရွေးချယ်တင်မြောက်ရာတွင် ယခင်၅နှစ်တာကာလအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသူများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ပြန်လည်သုံးသပ်ကာ ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာကြသော ဆရာတော်များ၊ သံဃာတော်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် မိဘပြည်သူများ၏ သဘောတူညီချက်ဖြင့် နောင်တရားဒေသ ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ဥက္ကဋ္ဌအဖြစ် မော်နန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ခွန်အောင်ကီး နှင့် အတွင်းရေးမှူးအဖြစ် ခွန်တီးမောင်း တို့ကို ရွေးချယ်တင်မြောက်ခဲ့ကြောင်း သိရသည်။


ဆက်လက်၍ စန္တားခမ်း အစိုးရစာသင်ကျောင်း T.A/L.T ဆရာ/ဆရာမအဖွဲ့ ဥက္ကဋ္ဌ နန်းမိုးသီတာက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုအတွေ့အကြုံများ၊ ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အခက်အခဲများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်များကို မျှဝေပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် နန်းမိုးသီတာက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများကို မျှဝေပြောကြားရာတွင် တိုင်းရင်းသားလူမျိုးတိုင်းသည် မိမိတို့၏ မိခင်ဘာသာစကားနှင့် စာပေကို သင်ယူထိန်းသိမ်းရန် အရေးကြီးကြောင်း၊ မိမိတို့ကိုယ်တိုင် သင်ကြားပေးခြင်းမရှိပါက အခြားသူများက လာရောက်သင်ကြားပေးမည်မဟုတ်ကြောင်း၊ ထို့ကြောင့် လစာနှင့် အကျိုးခံစားခွင့် နည်းပါးသော်လည်း မိမိတို့၏ လူမျိုး၊ စာပေနှင့် ယဉ်ကျေးမှု ရေရှည်တည်တံ့ဖွံ့ဖြိုးရေးအတွက် စေတနာထား၍ သင်ကြားပေးနေကြခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိဘပြည်သူများနှင့် တာဝန်ရှိပုဂ္ဂိုလ်များက ပအိုဝ်းစာပေ၊ ယဉ်ကျေးမှုနှင့် ပညာရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးမှုများ အပြန်အလှန်ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးအပြီးတွင် ဦးခွန်ထွန်းရွှေက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။အဆိုပါ တွေ့ဆုံအစည်းအဝေးသို့ ဆရာတော်များ၊ သံဃာတော်များ၊ စန္တားခမ်းရုမ်းဥက္ကဋ္ဌနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ T.A/L.T ဆရာ/ဆရာမများနှင့် ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Leave a Reply