တောင်ကြီးမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ၊ ပျိုးပင် ၁,၀၀၀ စိုက်ပျိုး


——————————————————————
တောင်ကြီး၊ ဇွန်လ ၁၃ ရက်၊ ၂၀၂၆-ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ တောင်ကြီးမြို့ရှောင်လမ်းဘေး နောင်တလိကျေးရွာအနီးရှိ တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်းတွင် ၂၀၂၆ ခုနှစ် မိုးရာသီ (ပထမအကြိမ်) သစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ ၁၃ ရက် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားရာ၌ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေး၊ ဂေဟစနစ်ထိန်းသိမ်းရေးနှင့် အင်းလေးကန်ရေဝေရေလဲဒေသအတွင်း သစ်တောများ ပြန်လည်ဖြစ်ထွန်းလာစေရေးတို့အတွက် ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့ပြင် သစ်တောသစ်ပင်များသည် သဘာဝပတ်ဝန်းကျင် စိမ်းလန်းသာယာစေရုံသာမက ရာသီဥတုမျှတစေခြင်း၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းပေးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ရှင်သန်ဖွံ့ဖြိုးစေခြင်းနှင့် သဘာဝဘေးအန္တရာယ်များမှ ကာကွယ်ပေးခြင်းစသည့် အကျိုးကျေးဇူးများစွာကို ပေးစွမ်းလျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ယင်းနောက် အမျိုးသမီးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ဇင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်တို့က စိုက်ပျိုးရန် သစ်ပင်ပျိုးပင်များကို တိုင်းရင်းသားကိုယ်စားလှယ်များနှင့် လူမှုအဖွဲ့အစည်းများထံ အသီးသီးပေးအပ်ခဲ့ကြသည်။



ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက သတ်မှတ်နေရာများတွင် စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြပြီး သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ မိုးရာသီ (ပထမအကြိမ်) သစ်ပင်စိုက်ပျိုးပွဲတွင် ခရေ၊ ထင်းရှူး၊ ခါတော်မီ၊ ချယ်ရီ၊ စိန်ပန်းပြာ၊ စိန်ပန်းနီနှင့် မာတာကွတ် အပါအဝင် သစ်မျိုး(၇)မျိုးမှ ပျိုးပင်စုစုပေါင်း (၁,၀၀၀) ကို စိုက်ပျိုးခဲ့ကြောင်း သိရသည်။



Leave a Reply