ပင်လုံမြို့ ပင်လုံတိုက်နယ်ဆေးရုံတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူသက်သာစေရန် စုပေါင်းကော်မတီ ဖွဲ့စည်း

Written by

in

ပင်လုံမြို့ ပင်လုံတိုက်နယ်ဆေးရုံတွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လွယ်ကူသက်သာစေရန် စုပေါင်းကော်မတီ ဖွဲ့စည်း


———————————————————————-
ဇွန်လ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ပင်လုံတိုက်နယ်ဆေးရုံ၌ ဇွန်လ ၁၃ ရက် ညနေ ၄ နာရီခွဲအချိန်က မိဘပြည်သူများအတွက် ကျန်းမာရေးဝန်ဆောင်မှုများ ပိုမိုအဆင်ပြေချောမွေ့စေရန်၊ လူနာများအား ကူညီထောက်ပံ့ပေးနိုင်ရန်နှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရပ်ကွက်(၄)ရပ်ကွက် စုပေါင်းကော်မတီကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးရန်ပိုင်ဖြိုးက ကော်မတီဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လွိုင်လင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ခွန်သက်နိုင်က ကော်မတီအနေဖြင့် အခြေခံလူတန်းစားများ ဆေးကုသမှုခံယူရာတွင် ကြုံတွေ့ရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးခြင်း၊ ဆေးရုံနှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ပေးခြင်းနှင့် လူနာများအတွက် လိုအပ်သည့် အကူအညီများ ပံ့ပိုးပေးနိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ပင်လုံတိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာရှိုင်းထက်ဝေအောင်ဇော်က ရပ်ကွက်စုပေါင်းကော်မတီ ဖွဲ့စည်းခြင်းအားဖြင့် ပင်လုံမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများရှိ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုများ ပိုမိုလက်လှမ်းမီလာစေမည်ဖြစ်ပြီး အစိုးရကျန်းမာရေးစနစ်နှင့် ပြည်သူများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကျေးဇူးတင်စကား ပြောကြားခဲ့ကြသည်။
အဆိုပါ စုပေါင်းကော်မတီအား သက်ဆိုင်ရာတာဝန်များ ခွဲဝေသတ်မှတ်ပေးခဲ့ပြီး ဆေးရုံကော်မတီအဖွဲ့က ဆေးရုံတာဝန်ခံဆရာဝန်ထံ ထောက်ပံ့ငွေ ပေးအပ်ခဲ့သည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားကို မြို့အုပ်ချုပ်ရေးမှူး၏ နိဂုံးချုပ်အမှာစကားဖြင့် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *