ရှမ်းပြည်နယ်တောင်ပိုင်း မောက်မယ်မြို့နယ်၌ အရှင်ဘဒ္ဒန္တစန္ဒိမာ (သာသနဓဇ ဓမ္မာစရိယ) ၏ အန္တိမအဂ္ဂိစျာပန သာဓုဂိဠာန ပူဇော်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ပရိယတ္တိဝါဒတစာသင်တိုက်ကျောင်း၌ ပဓာနနာယက ဆရာတော်ကြီး အရှင်ဘဒ္ဒန္တစန္ဒိမာ (သာသနဓဇ ဓမ္မာစရိယ) သက်တော် (၉၀) နှစ်၊ သိက္ခာတော် (၇၀) ဝါ၏ အန္တိမအဂ္ဂိစျာပန သာဓုဂိဠာန ပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပူဇော်ပွဲသို့ လျှပ်စစ်၊ စွမ်းအင်နှင့်လမ်းပန်းဆက် သွယ်ရေးဝန်ကြီးနှင့် ဝန်ကြီးအဖွဲ့ဝင်များ၊ သံဃာတော်အရှင်သူမြတ်များ၊ ဒေသခံပြည်သူများနှင့် တပည့်ဒါယကာ၊ ဒါယိကာမများ တက်ရောက်၍ ဆရာတော်ကြီးအား နောက်ဆုံးဂါရဝပြု ပူဇော်ကန်တော့ခဲ့ကြသည်။

ထို့အပြင် ပင်လုံမြို့ မြို့မမင်္ဂလာနောင်ကွတ်ကျောင်း ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အရှင်ဘဒ္ဒန္တပညာဗလနှင့် ဆီဆိုင်မြို့နယ် လုံးဆိုင်ရာ ဇဝနာရာမစာသင်တိုက် ပဓာနနာယက ဆရာတော်ကြီး အရှင်ဘဒ္ဒန္တကောဝိဒတို့ အပါအဝင် သံဃာတော်ကြီးများ တက်ရောက်၍ သာသနာရေးဆိုင်ရာ ဩဝါဒစကားများ မိန့်ကြားခဲ့ကြကြောင်း သိရသည်။


အရှင်ဘဒ္ဒန္တစန္ဒိမာ (သာသနဓဇ ဓမ္မာစရိယ) သည် သာသနာတော်အကျိုး၊ ပရိယတ္တိပညာရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် သံဃာတော်များ ပြုစုပျိုးထောင်ရေးလုပ်ငန်းများတွင် ထူးချွန်စွာ ဆောင်ရွက်ခဲ့သည့် သက်ကြီးဝါကြီး ဆရာတော်တစ်ပါးဖြစ်ပြီး တပည့်ဒါယကာ၊ ဒါယိကာမများက ကြည်ညိုလေးစားစွာဖြင့် အန္တိမအဂ္ဂိစျာပန သာဓုဂိဠာန ပူဇော်ပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



Leave a Reply