ပေါမူကျေးရွာတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော် စည်ကားသိုက် မြိုက်စွာ ကျင်းပ

Written by

in

ပေါမူကျေးရွာတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော် စည်ကားသိုက် မြိုက်စွာ ကျင်းပ

မေလ ၃၀ ရက်၊ ၂၀၂၆-ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာအုပ်စု၊ ပေါမူကျေးရွာတွင် ၁၃၈၈ ခုနှစ် နယုန်လပြည့်နေ့ကို ဂုဏ်ပြုသည့် ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော်၊ ပရိယတ္တိစာအောင် သံဃာတော်များနှင့် သက္ကသိုလ်ဝင်တန်း ဘွဲ့ရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲ အခမ်းအနားကို မေလ ၃၀ ရက် နေ့လယ်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်၊ တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ခွန်ကြည်၊ အမှတ်(၂) ခွန်ဆောင်းရွှေ၊ တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းနှင့် ပွဲတော်ကျင်းပရေးကော်မတီ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ဖဲကြိုးဖြတ်၍ ပွဲတော်ကို ဖွင့်လှစ်ပေးခဲ့ကြသည်။


ထို့နောက် ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပွဲတော်ကျင်းပရေးကော်မတီမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဗုဒ္ဓပူဇနိယပွဲတော်၊ ပဌာန်းအောင်ပွဲနှင့် ပအိုဝ်းရိုးရာ မီးရှူး(လူးဖိုင်ꩻ)ပွဲတော် အထိမ်းအမှတ် အလှူပဒေသာများကို စည်ကားစွာ လှည့်လည်စီတန်းခဲ့ကြပြီး ပင့်ကျောင်းသံဃာတော်များနှင့် ကျောင်းပေါင်း (၄၀) ကျော်မှ သံဃာတော်များအား ဖူးမြော်ကြည်ညိုကာ တရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။


အဆိုပါပွဲတော်သည် ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေး၊ ပအိုဝ်းရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ပရိယတ္တိစာအောင် ဘွဲ့ရသံဃာတော်များ၊ လူငယ်မျိုးဆက်သစ်များအား ပညာရေးနှင့် ပအိုဝ်းစာပေယဉ်ကျေးမှုဆိုင်ရာ ထူးချွန်မှုများကိုပါ နယုန်လပြည့်ကျော် ၁ ရက်နေ့ တွင် ဂုဏ်ပြုအားပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *