တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများ စတင်လက်ခံ

———————
မေလ(၂၅)၊၂၀၂၆ခုနှစ်
အထူးဒေသ(၆) ၊ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို မေလ ၂၅ ရက်နေ့မှ စတင်၍ သတ်မှတ်ရက်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အ.ထ.က (ကျောက်တလုံး) တွင်အတန်းအလိုက် ကျောင်းအပ်နှံရမည့် ရက်သတ်မှတ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ကြသည်။
မေ (၂၅) ရက်မှ မေ (၂၇) ရက်အထိ: Grade-1၊ Grade-2၊ Grade-3 နှင့် Grade-4၊ Grade-5 အတန်းများ၊ မေ (၂၈) ရက်မှ မေ (၂၉) ရက်အထိ: Grade-6၊ Grade-7၊Grade-8၊ Grade-9 အတန်းများ၊ မေ (၃၀) ရက်မှ မေ (၃၁) ရက်အထိ: Grade-10၊ Grade-11 နှင့် Grade-12 အတန်းများ ဖြစ်ပြီး၊ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို နံနက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီအထိ လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။ ကျောင်းအပ်နှံရာတွင် ကျောင်းသားနှင့်မိဘနှစ်ဦးစလုံးလာရောက်ရမည်ဖြစ်ကြောင်းသိရသည်။


ကျောင်းအပ်နှံရာတွင် အခြေခံပညာကျောင်းအဆင့်ဆင့်ရှိ ကျောင်းသား၊ ကျောင်းသူများအားလုံးအတွက် “မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမပြုဘဲ အခမဲ့ကျောင်းအပ်နှံနိုင်ရေး” ကို အဓိကဦးတည်ဆောင်ရွက်နေခြင်းဖြစ်ကာ ကျောင်းအပ်နှံသည့်နေ့တွင် အောက်ပါပစ္စည်းများကိုအခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။ အတန်းအလိုက် သင်ရိုးညွှန်းတမ်း ဖတ်စာအုပ်များ၊ ဗလာစာအုပ် (၁၀) အုပ်နှင့်အတူ ခဲတံ၊ ပေတံ၊ ခဲဖျက် စသည့် စာရေးကိရိယာများ၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ (၁) စုံစသည်များကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျောင်းအပ်နှံရာတွင် မိဘအုပ်ထိန်းသူများအနေဖြင့် မိမိတို့၏ သားသမီးများအတွက် KG တက်ရောက်မည့် အရွယ်ဖြစ်ပါက “မွေးစာရင်း မိတ္တူ” နှင့် ကျောင်းသား၏ “ကိုယ်ရေးမှတ်တမ်း တို့ကို အတူတစ်ပါးတည်း ယူဆောင်လာရမည် ဖြစ်သည်။

ကျောက်တလုံးကြီးမြို့ရှိ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပညာရေးအရည်အသွေး မြင့်မားစေရန်နှင့် စည်းကမ်းကောင်းမွန်စေရန် အထူးအလေးထား သင်ကြားပေးသွားမည်ဖြစ်ကြောင်း ပြောကြားထားပြီး၊ ဒေသခံမိဘပြည်သူများအနေဖြင့်လည်း မိမိတို့၏ သားသမီးများ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရန်အတွက် သတ်မှတ်ရက်များအတွင်း အချိန်မီ လာရောက်ကျောင်းအပ်နှံကြပါရန် တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

တောင်ကြီးမြို့နယ်၊ ကျောက်တလုံးကြီးမြို့တွင် ၂၀၂၆ -၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံမှုများ စတင်လက်ခံ

Leave a Reply