တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

Written by

in

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံပေးအပ်

———————————————————————
တောင်ကြီး၊ မေလ ၁၈ ရက်၊ ၂၀၂၆-ခုနှစ်၊
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့ မေလ ၁၈ ရက် နံနက်၁၀နာရီအချိန်တွင် ၂၀၂၆-ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်မည့် ရှမ်းပြည်နယ်အမျိုးသားဘောလုံးအသင်းအားအောင်နိုင်ရေးအလံကို ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ပေးအပ်ခဲ့ပါသည်။


အဆိုပါအခမ်းအနားတွင် ရှမ်းပြည်နယ် အသက်(၁၈)နှစ်အောက် ဘောလုံးအသင်းက အသင်းနည်းပြအုပ်ချုပ်သူများအဖွဲ့နှင့် အားကစားသမားများအား တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက ဆက်လက်အားပေး အမှာစကားပြောကြားခဲ့သည်။

ထိုသို့ပြောကြားရာမှာ “၂၀၂၆ခုနှစ် ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ကြမည့် အားကစားသမားများအနေနဲ့ ပြိုင်ပွဲကျင်းပရေးမှ သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများ အတိုင်း စည်းကမ်းတကျ၊စနစ်တကျရှိစွာနဲ့ မိမိအသင်းအောင်မြင်မှု ရရှိနိုင်စေဖို့ “တရားသဖြင့် ယှဉ်ပြိုင်ကြမယ် နိုင်အောင် ကြိုးပမ်းကြမယ်” ဆိုတဲ့ စိတ်ဓါတ်နဲ့ကြိုးစား ယှဉ်ပြိုင်သွားကြပါ။”လို့ အားပေးအမှာစကားပြောကြားပေးခဲ့ကြောင်း သိရသည်။


“ယခုလို အောင်နိုင်ရေးအလံပေးအပ်တယ်ဆိုတာ ရှမ်းပြည်နယ် အတွင်းနေထိုင်ကြတဲ့ မိဘပြည်သူများကိုယ်စား တာဝန်ပေးအပ်ခြင်းဖြစ်တယ်ဆိုတာ သတိချပ်စေလိုပါတယ် ရှေ့မှာအောင်မြင်မှုရရှိခဲ့တဲ့ ညီငယ်များလို ပြည်နယ်ရဲ့ ဂုဏ်သိက္ခာ အတွက် အောင်မြင်မှုရရှိအောင် ကြိုးစားခဲ့ကြပါ။ ရှမ်းပြည်နယ်ရဲ့ အားကစားအဆင့်အတန်း မနိမ့်ကျဘူး ဆိုတာ သက်သေထူကြဖို့ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲမှာ ရှမ်းပြည်နယ် အမျိုးသား ဘောလုံးအသင်းအနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ အစွမ်းကုန် မိမိပြည်နယ်အတွက် ကြိုးစားဆောင်ရွက်ခဲ့ကြပါ” လို့ ဆက်လက်မှာကြားပေးခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၊ ပြည်နယ်ဝန်ကြီးချုပ်က (ရှမ်းပြည်နယ် လက်ရွေးစင်ဘောလုံးအသင်းအား ထောက်ပံ့ငွေ ပေးအပ်ခြင်း နှင့် အောင်နိုင်ရေးအလံ ပေးအပ်ခြင်း၊ အလှူရှင်များမှ အောင်နိုင်ရေး ရန်ပုံငွေများ ပေးအပ်လှူဒါန်းခြင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဝင် ရှမ်းပြည်နယ် ဘောလုံးအသင်းမှ ကိုယ်စားတစ်ဦးက ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကြိုတင်လေ့ကျင့် ပြင်ဆင်မှုများနှင့် ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ထိုအခမ်းအနားသည် ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ၊ ရှမ်းပြည်နယ် ပြည်နယ် တရား လွှတ် တော် တရားသူကြီးချုပ် ၊ ရှမ်းပြည်နယ် လွှတ် တော် ဒုတိယဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှမ်းပြည်နယ် တိုင်းရင်းသားရေးရာ ဝန်ကြီးများ ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ်၊ ရှမ်းပြည်နယ် လွှတ် တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရှမ်းပြည်နယ် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ ရှမ်းပြည်နယ် ဘောလုံးအသင်းအုပ်ချုပ်သူ နည်းပြများနှင့် ကစားသမားများ တက်ရောက်ခဲ့ကြသည်။

Comments

Leave a Reply

Your email address will not be published. Required fields are marked *