နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို တောင်ကြီးခရိုင်မီးသတ်စခန်းတွင်ကျင်းပ

————————
မေလ(၅)ရက်၊ ၂၀၂၆
အထူးဒေသ(၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ အခမ်း အနားကို တောင်ကြီးခရိုင် မီးသတ်စခန်း (တောင်ကြီး–ဟိုပုံးမြို့အထွက် (၂)မိုင်) တွင် နံနက် (၈း၃၀) နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် စစ်ရေးပြတပ်စုများက နေရာယူကာ နိုင်ငံတော်အလံအား အလေးပြုခြင်း၊ ကျဆုံးလေပြီးသော မီးသတ်တပ်ဖွဲ့ဝင်များအား အလေးပြုခြင်းနှင့် သစ္စာအဓိ ဋ္ဌာန်(၄) ချက် ရွတ်ဆိုခြင်းတို့ဖြင့် စတင်ခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးအား အခမ်းအနားတက်ရောက်လာသူများ၏ အလေးပြုမှုကို လက်ခံကာ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံ
မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် မိန့်ခွန်း ပြောကြားခဲ့သည်။


မိန့်ခွန်းတွင် မီးသတ်တပ်ဖွဲ့၏ သမိုင်းအစဉ်အလာရှည်လျားမှုနှင့် မီးဘေးကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ထမ်းဆောင်ခဲ့မှုများကို ချီးကျူးခဲ့ပြီး သမိုင်းအစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းကာ တာဝန်(၄)ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တိုက် တွန်းခဲ့သည်။ ထို့ပြင် ဒို့တာဝန်အရေးသုံးပါးကို ဦးစားပေးကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်လည်း အလေးထား မှာကြားခဲ့သည်။


ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြုဆုချီး မြှင့်ပွဲကို ကျင်းပခဲ့ရာ ရဲကျော်သူတံဆိပ် (၁)ဦး၊ လူမှုထူးချွန်တံဆိပ် (၁)ဦး၊ သင်တန်းထူးချွန်ဆုရရှိသူ (၅)ဦးနှင့် စခန်းသာယာလှပရေးဆု (၁)ဦးတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်အတူ ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး စွမ်းရည်သရုပ်ပြပွဲကိုလည်း ဆက်လက်ကျင်းပခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုများ၊ မီးငြှိမ်းသတ်နည်းစနစ်များနှင့် လူရှာဖွေကယ်ဆယ်ရေးလုပ် ငန်းများကို လက်တွေ့သရုပ်ပြသခဲ့ကြသည်။


အခမ်းအနားအပြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်များသည် ခင်းကျင်းပြသထားသော မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာများကို လှည့်လည်ကြည့်ရှုခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်ဝန်ကြီးများ၊ ရှမ်းပြည် နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အငြိမ်းစားဝန်ထမ်းဟောင်းများ နှင့်မီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။



Leave a Reply