ဩဂုတ်လ(၁၃)ရက်၊ ၂၀၂၆ခုနှစ်၊
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနရုံး၌ ယမန်နေ့ ဩဂုတ်လ(၁၂)ရက်နေ့တွင် ဟိုပုံးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ခွန်ကောင်းချစ်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာနမှ တာဝန်ပုဂ္ဂိုလ်များ တွေ့ဆုံပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။



အဆိုပါတွေ့ဆုံရာတွင် ဟိုပုံးမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ခွန်ကောင်းချစ်ထွန်းက ယခုလိုတွေ့ဆုံရခြင်းက မိမိတို့၏ ဒေသအတွင်းရှိ ဖွံ့ဖြိုးရေးလုပ်ငန်းကို အတူတကွပူးပေါင်းလုပ်ဆောင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက် ညွှန်ကြားေရးမှူးဦးစိုးလွင်မြင့်က ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်မှုလျာထားချက်များ ကို (Power Point)ဖြင့် ရှင်းလင်းတင်ပြပြီး ဘဏ္ဍာရေးနှစ်အလိုက် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ လိုအပ်သည်များကို ထည့်သွင်းနိုင်ရန်ဆွေးနွေးခဲ့ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သော လမ်း၊တံတားများ၊ ရေရရှိရေးလုပ်ငန်းများ၊ ဆိုလာမီးရရှိရေးလုပ်ငန်းများ၊ မြစိမ်းရောင်းစီမံကိန်းလုပ်ငန်းများကိုပါ ဆွေးနွေးခဲ့ကြောင်းသိရသည်။


အဆိုပါ တွေ့ဆုံပွဲတွင် ဟိုပုံးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ခွန်ကောင်းချစ်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ခွန်သက်ဇော်ထွန်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးလွင်မြင့်နှင့်ဌာနဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များ၊ လမ်းပန်း ဆက်သွယ်ရေးဦးစီးဌာနမှတာဝန်ရှိ ပုဂ္ဂိုလ်များတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။































































































