ဇွန်လ ၂ ရက်၊ ကရင်ပြည်နယ်
ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးခွန်မြတ်ထူးသည် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဖိုးအောင်၊ ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ ဖြားခွန်မင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် မေလ ၃၁ ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ ထီလုံစံပြကျေးရွာ၊ ထီလုံကော့တဝီ ဘုရားကုန်းကျောင်းရှိ ဓမ္မပျိုးခင်း (ဓမ္မစကူးလ်ဖောင်ဒေးရှင်း) ၌ ရင်သွေးငယ်များ ပညာသင်ကြားနေမှု အခြေအနေများကို သွားရောက်ကြည့်ရှု အားပေးခဲ့ပါသည်။



ဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဓမ္မပျိုးခင်း (ဓမ္မစကူးလ်ဖောင်ဒေးရှင်း) တည်ထောင်သူ ဆရာတော်ထံ သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပညာရေးလုပ်ငန်းများ ဖွင့်လှစ်သင်ကြားနေမှု အခြေအနေများကို မေးမြန်းလျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပါသည်။


ထို့နောက် ကျောင်းထိုင်ဆရာတော်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့၏ လိုက်လံရှင်းလင်းပြသမှုဖြင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပညာသင်ကြားနေသော ဓမ္မစကူးလ် ကလေးသူငယ်များနှင့် လူငယ်မောင်မယ်များကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ အားပေးစကားများ ပြောကြားခဲ့ပါသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်နယ်ဝန်ကြီးက ယခုကဲ့သို့ ဓမ္မစကူးလ်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးနိုင်မှုအပေါ် များစွာအားရကျေနပ်မိပါကြောင်း၊ ရပ်ရွာနှင့် ဒေသအကျိုးအတွက် မျိုးဆက်သစ် ကလေးသူငယ်များ အတန်းပညာရပ်များကို လေ့လာသင်ယူခွင့် ရရှိစေမည့်အပြင် အကျင့်စာရိတ္တ ကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာသော လူငယ်လူရွယ်များဖြစ်လာစေရန် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ပါကြောင်း၊ လက်ရှိ ဖွင့်လှစ်သင်ကြားရာတွင် လိုအပ်လျက်ရှိသည့် အခြေအနေများနှင့် အခက်အခဲများကိုလည်း မိမိတို့အနေဖြင့် တတ်နိုင်သမျှ အလေးထား ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
Ref:ကရင်ပြည်နယ်ပအိုဝ်းစာပေနှင့်ယဥ်ကျေးမှုအသင်း











































































































