ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ရှိ ဒေသဦးစီးခန်းမ တွင် ထူးချွန်အောင်မြင်ခဲ့သည့် ကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ်

===================================
ဟိုပုံးမြို့၊ ဇူလိုင်လ ၁၃ရက်၊ ၂၀၂၆ခုနှစ်၊
အထူးဒေသ(၆)၊ ပအိုဝ်းကိုယ်ပိုင်အုချုပ်ခွင့်ရဒေသ ဟိုပုံးမြို့ ဒေသဦးစီးခန်းမ၌ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် ဝင်စာမေးပွဲများတွင် ထူးချွန်စွာ ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၁၃ရက် နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ပါ သည်။

ထိုအခမ်းအနားတွင် အခြေခံပညာအထက်တန်း ကျောင်း အထက(၁)မှ ကျောင်းသား/ကျောင်း သူများက “မြန်မာ့ကျောင်းအဖွင့်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ထို့နောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်ကြောင်း၊ ထူးချွန်ကျောင်းသား/ကျောင်းသူများအနေဖြင့် နိုင်ငံနှင့် ဒေသအကျိုးကို ဆက်လက်သယ်ပိုးဆောင်ရွက်ကြရန် တိုက်တွန်းအားပေးခဲ့သည်။

ထို့ပြင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ (၁၉၂၈) ဦးအနက် (၉၃၉) ဦး အောင်မြင်ပြီး အောင်ချက် (၄၈.၇၀%) ရရှိကာ ဂုဏ်ထူးရှင် (၁၈၇) ဦး ပေါ်ထွက်လာခဲ့ပြီး၊ တက္ကသိုလ်ဝင်တန်းနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများကို ပေါင်းစည်းတွက်ချက်ရာ စာစစ်ဌာန (၁၃) ခုမှ ဖြေဆိုသူ (၂၀၁၆) ဦးအနက် (၁၀၀၄) ဦး အောင်မြင်ပြီး အောင်ချက် (၄၉.၈၀%) ရရှိကာ ဂုဏ်ထူးရှင် (၂၁၅) ဦး ပေါ်ထွက်ခဲ့ကြောင်း၊ ၆ ဘာသာဂုဏ်ထူးရှင် (၁) ဦး၊ ၅ ဘာသာ (၃) ဦး၊ ၄ ဘာသာ (၉) ဦး၊ ၃ ဘာသာ (၂၈) ဦး စုစုပေါင်း (၄၁)ရှိကြောင်း ထည့်သွင်းပြောကြားသည်။

ဟိုပုံးမြို့နယ်ရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(ပေါင်လင်း)မှ အောင်ချက် (၇၃.၈၆%) ရရှိခဲ့ပြီး ၆ ဘာသာဂုဏ်ထူးရှင် (၁) ဦးအပါအဝင် ဂုဏ်ထူးရှင် (၃၀) ဦး မွေးထုတ်နိုင်ခဲ့ကာ နိုင်ငံအဆင့် Top Ten (၂) ဦးနှင့် ရှမ်းတောင်ဒေသ Top Ten ကျောင်းသား/သူများလည်း ပေါ်ထွက်ခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးတက္ကသိုလ်ဝင်စာမေးပွဲများတွင် ထူးချွန်အောင်မြင်ခဲ့သည့် ဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ဆုရကျောင်းသား/ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးကကျေးဇူးတင်စကား ပြောကြားခဲ့ပြီး အခြေခံပညာအထက် တန်းကျောင်း (၂)မှ ကျောင်းသား/ကျောင်းသူများက “ဇာတိမာန်” အပိတ်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီးနောက် စုပေါင်းမတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပါသည်။

ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား
ကြွရောက်လာကြသော ဂုဏ်သရေရှိလူကြီးမင်းများ နှင့်တကွ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟိုပုံးမြို့ ဒေသဦးစီးအဖွဲ့ ၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ခေတ္တ) ကျောင်း အုပ်ကြီး ၊ ဒေသအဆင့်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ပုဂ္ဂိုလ်များ၊ ဆရာ၊ ဆရာမများ၊ ဂုဏ်ထူး နှင့် ထူးချွန်ဆုရ ကျောင်းသား/ သူများ ၊ ကျောင်းသားမိဘများ တက်ရောက်အားပေး ခဲ့ကြကြောင်း သိရသည်။


Leave a Reply