ကလေးငယ်များ၏ ပညာရေးအခြေခံ ကောင်းမွန်စေရန် KG နှင့် Grade – 1ချိတ်ဆက်ဆောင်ရွက်ရေး ဆွေးနွေးပွဲ တောင်ကြီး၌ ကျင်းပ


မေလ (၂)ရက် ၊ ၂၀၂၆
အထူးဒသ(၆)၊ရှမ်းပြည်တောင်ပိုင်း ၊တောင်ကြီးမြို့ ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဒေါ်ခင်သိန်းခန်းမ၌ ယနေ့ မေလ(၂)ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကလေးငယ်များ၏ ပညာရေးအခြေခံ ခိုင်မာကောင်းမွန်စေရန်နှင့် သင်ပြနည်းစနစ်များ ဟန်ချက်ညီစေရန် ရည်ရွယ်၍ “KG, Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်ရေးဆိုင်ရာ အရည်အသွေးမြှင့် (ဆင့်ပွား) ဆွေးနွေးပွဲ” ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။


အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အဖွင့်အမှာစကား ပြောကြားရာ၌ ပညာရေးကို အထောက်အကူပြုစေရန် ကလေးငယ်များအတွက် ဆက်သွယ်ပြောဆိုခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ရုပ်၊ အသိဉာဏ်၊ စာရိတ္တ ဖွံ့ဖြိုးတိုးတက်မှုများအပြင် အနုပညာခံစားဖန်တီးမှုနှင့် ပတ်ဝန်းကျင်သိတတ်မှုများမှာ အရေးကြီးကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ကလေးငယ်များ၏ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် သင်တန်းမှပို့ချချက်များကို သေချာစွာလေ့လာမှတ်သားပြီး သင်ကြားပို့ချမှုစနစ်များတွင် ထိရောက်စွာ အသုံးချကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်မင်းစုက KG နှင့် Grade-1 ဆရာ၊ ဆရာမများအတွက် သင်ပြနည်းစနစ်များ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းတင်ပြခဲ့ပြီး ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ အရည်အသွေးမြှင့်နှင့် ပတ်သက်သောအကြောင်းအရာများကိုရှင်းလင်းတင်ပြခဲ့သည်။ထို့နောက် အခမ်းအနားပြီးဆုံးကြောင်းကြေငြာပြီး အခမ်းအနားတွင် တက်ရောက်အားပေးသော ဧည့်ပရိတ်သတ်များအား အစားအသောက်များ ဧည့်ခံကျွေးမွေးခဲ့ပါသည်။

အဆိုပါသင်တန်းတွင် သင်တန်းတက်ရောက်သူ (၁၅၀)ဦးရှိပြီး ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးနှင့် အစိုးရဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးရုံးမှ တာဝန်ရှိသူများ၊ သင်တန်းလာရောက်တက်ရောက်သော သင်တန်းသူ၊သင်တန်းသားများနှင့် နည်းပြများ၊ သတင်းမီဒီယာအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။



Leave a Reply