ကျေးရွာပြောင်းရွှေ့၍ ပြန်လည်တည်ဆောက်ရန် လျာထားမြေများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ကွင်းဆင်းလေ့လာ

ဇူလိုင် ၂၈ ရက်၊ ပင်လောင်းမြို့
အထူးဒေသ (၆)၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်းရှိ ကောင်မောင်းကျေးရွာနှင့် ဝါးလီကျေးရွာတို့တွင် ၂၀၂၅ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် နေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့သဖြင့် ကျေးရွာပြောင်းရွှေ့နေရာချထားပြီး နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လျာထားမြေများအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က ယနေ့ ဇူလိုင် ၂၈ ရက်တွင် ကွင်းဆင်းလေ့လာခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းလေ့လာမှုတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင် ဦးစိုင်းဆိုင်နွံ၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်၊ မြေစာရင်းဦးစီးမှူး ဦးညီညီလင်းထက်၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် စန္တားခမ်းရုမ်း လူမှုကူညီရေးအသင်းအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ကျော်ရွှေတို့ လိုက်ပါခဲ့ကြောင်း သိရသည်။

ကွင်းဆင်းလေ့လာစဉ် သက်ဆိုင်ရာ ရပ်ရွာအုပ်ချုပ်ရေးမှူးက ကျေးရွာပြောင်းရွှေ့နေရာချထားရေးနှင့် နေအိမ်များ ပြန်လည်တည်ဆောက်ရေးအတွက် ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ အခက်အခဲများနှင့် ဆောင်ရွက်ပေးစေလိုသည့် အချက်များကို တင်ပြခဲ့သည်။

အဆိုပါ တင်ပြချက်များအပေါ် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က နိုင်ငံတော်အစိုးရ၏ ပံ့ပိုးကူညီမှုကိုသာ အားကိုးစောင့်ဆိုင်းနေမည်ဆိုပါက လုပ်ငန်းများကို အချိန်တိုအတွင်း ပြီးမြောက်နိုင်မည်မဟုတ်ကြောင်း၊ ဒေသခံပြည်သူများနှင့် ရွာသူရွာသားများအနေဖြင့်လည်း မိမိတို့တတ်နိုင်သည့် အင်အားဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြမှသာ ကျေးရွာပြောင်းရွှေ့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ပိုမိုလျင်မြန်စွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒေသဦးစီးအဖွဲ့နှင့်အတူ လိုက်ပါလာသည့် တာဝန်ရှိသူများကလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တာဝန်ရှိသူများသည် ကျေးရွာပြောင်းရွှေ့နေရာချထားနိုင်ရေး၊ နေအိမ်များ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် လျာထားမြေများ၏ မြေအနေအထား၊ နေရာအကျယ်အဝန်းနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို အသေးစိတ် ကွင်းဆင်းလေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။




















































