တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပင်တွန်ကျေးရွာအုပ်စု ဒေသခံပြည်သူများ တွေ့ဆုံ

ဇွန် ၂၆ ရက်၊ ၂၀၂၆-ခုနှစ်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အထူးဒေသ(၆)၊ တောင်ကြီးမြို့နယ် ပင်တွန်ကျေးရွာအုပ်စု၊ နောင်ဟိုင်းဘုန်းတော်ကြီးကျောင်း၌ ဇွန်လ ၂၆ ရက်က တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသခံမိဘပြည်သူများ တွေ့ဆုံပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

တွေ့ဆုံပွဲတွင် တောင်ကြီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ခွန်ကြည်၊ အမှတ်(၂) ခွန်ဆောင်းရွှေ၊ တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီမှ တာဝန်ရှိသူများ၊ လွှတ်တော်ရေးရာတာဝန်ခံများနှင့် ပင်တွန်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံမိဘပြည်သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)ပါတီ ဥက္ကဌ ဦးခွန်မောင်ဒု က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းမျှဝေခဲ့သည်။

ထို့နောက် ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများက လမ်းပန်းဆက်သွယ်ရေး၊ တံတားပြုပြင်ရေး၊ လျှပ်စစ်မီးရရှိရေး၊ သောက်သုံးရေ၊ ပညာရေးနှင့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက တင်ပြချက်များကို သက်ဆိုင်ရာကဏ္ဍများနှင့် ညှိနှိုင်းပေါင်းစပ်၍ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ကျောက်တလုံးကြီးမြို့နယ်ရဲစခန်းမှ ရဲအုပ်ဇေလတ်က အွန်လိုင်းစလော့ဂိမ်းနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောခဲ့ပြီး အခမ်းအနားကို တောင်ကြီးမြို့နယ် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒု-ဥက္ကဌ ဖြားခွန်ကြွုတ်က ကျေးဇူးတင်အမှာစကား ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပင်တွန်ကျေးရွာအုပ်စုရှိ ကျေးရွာ ၂၃ ရွာမှ ဒေသခံပြည်သူ ၁၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။


Leave a Reply